ဆယ့်နှစ်လရာသီ
တန်ခူးလအကြောင်း
သိကောင်းစရာ
**************************
"တန်ခူး" ဟူသည့် ဝေါဟာရမှာ "တန်" နှင့် "ခူး" ကို ပေါင်းစပ်ခေါ်ဆိုထားခြင်းဖြစ်ကြောင်း ပညာရှင်တို့ ဆိုထားကြပါတယ်။ "တန်" ဟူသည်မှာ "တာလ" ဟူသည့် ပါဠိစကားမှ ဆင်းသက်လာပြီး "ထန်း" ဟုအနက်အဓိပ္ပာယ်ရကာ၊ "ခူး" ဟူသည်မှာ "ခူးဆွတ်ခြင်း" ဖြစ်သဖြင့် ထန်းသီးများ ခူးဆွတ်သည့်လ၊ "ထန်းခူးလ"ဟု အစွဲပြုခေါ်ဆိုကြောင်း သိရပါတယ်။ အချို့ကလည်း "တန်ခူး" ဆိုတဲ့ဝေါဟာရဟာ "တာကူး" မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ "တာ" ဟူသည်မှာ တစ်ရက်တာ၊ တစ်လတာ၊ တစ်နှစ်တာ စသည့် အချိန်တာ ဖြစ်ပြီး "ကူး" ဟူသည်မှာ ကူးပြောင်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းဖြစ်သဖြင့် အတာကူးလ(တာကူးလ) ဟု ခေါ်ဆိုရာမှ "တန်ခူးလ" ဟုဖြစ်လာကြောင်း ယူဆကြပါတယ်။
တန်ခူးလဟာ မြန်မာဆယ့်နှစ်လမှာ ပထမဆုံးလဖြစ်ပြီး တောင်လေတဖြူးဖြူး တိုက်ခတ်၍ ရော်ရွက်ဝါတို့ ကြွေကျကာ သစ်ပင်တို့ ရိုးတံပြိုင်းပြိုင်းဖြစ်စေပါတယ်။။ ဥသြငှက်၏ တွန်သံများကို ကြားနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့သော နွေရာသီဖြစ်သဖြင့် ရေတွင်း၊ ရေကန်၊ အင်း အိုင် ချောင်း မြောင်းများတွင် ရေများ ခန်းခြောက်စပြုလာပါတယ်။ ဒါကြောင့် "တန်ခူး ရေကုန်၊ ကဆုန် ရေခန်း" လို့ ဆိုစမှတ်ပြုကြတာပေါ့။ ရာသီဥတု ပူပြင်းပေမယ့် မိုးတစ်ကြိမ် နှစ်ကြိမ် ရွာသွန်းလေ့ရှိတာမို့ ဒီလမှာ ရွာတဲ့မိုးကို "တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သြင်္ကန်မိုး" လို့ မုံရွေးဆရာတော်က ဆယ့်နှစ်ရာသီမိုးဖွဲ့ မှာ စပ်ဆိုထားပါတယ်။ ကြွေကျနေသော သစ်ရွက်ခြောက်များကို မိုးရေဆွတ်ဖျန်းလိုက်သောကြောင့် "ဖက်ဆွတ်မိုး" ဟု၎င်း၊ သြင်္ကန်အခါအနီး ရွာသွန်းသောကြောင့် "သြင်္ကန်မိုး" ဟု၎င်း ခေါ်ဆိုကြပါတယ်။
တန်ခူးလမှာပွင့်တဲ့ ရာသီပန်းများကတော့ ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ငုပန်းနဲ့ ရင်ခတ်ပန်းတို့ ဖြစ်ပါတယ်။
တန်ခူးလကို ဗေဒင်အလိုအရ မိဿရာသီဟု ခေါ်ဆိုပြီး အနောက်တိုင်း နက္ခတ်ပညာမှာတော့ Aries လို့ခေါ်ပါတယ်။ ရာသီရဲ့ အရုပ်မှာ ဆိတ်ရုပ်ဖြစ်ပြီး စိတြနက္ခတ်နဲ့ တံငါတာရာတို့ လမင်းနဲ့ ယှဉ်ပြိုင်ထွန်းပတယ်လို့ ဆိုပါတယ်။ အသဝနီနက္ခတ်နဲ့ နေမင်းတို့ ယှဉ်ပြိုင်ထွန်းလင်းကာ လပြည့်နေ့ မွန်းတည့်ချိန်တွင် လူရဲ့အရိပ်ဟာ (၃)ဖဝါးရှိပါသတဲ့။
ရှေးမြန်မာမင်းများရဲ့ နာရီသတ်မှတ်ပုံအရ တန်ခူးလမှာ နေ့နာရီ (၃၀)၊ ညဉ့်နာရီ(၃၀) အညီအမျှရှိပါတယ်။ မြန်မာဆယ်နှစ်လမှာ ဒီလို နေ့ ညဉ့် နာရီအညီအမျှရှိတာ တန်ခူးနဲ့ သီတင်းကျွတ် (၂)လပဲဖြစ်ပါတယ်။ တန်ခူးလမှာ (၂၉)ရက်သာရှိလို့ ရက်မစုံလ ဖြစ်ပါတယ်။ တန်ခူးလရဲ့ ရက်ရာဇာမှာ ဗုဒ္ဓဟူးနဲ့ သောကြာဖြစ်ပြီး၊ ပြဿဒါးကတော့ ကြာသပတေးနဲ့ စနေတို့ ဖြစ်ကြပါတယ်။
တန်ခူးလမှာ အထင်ရှားဆုံးသော ပွဲတော်ကတော့ သြင်္ကန်ရေသဘင်ပွဲတော်ဖြစ်ပြီး ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ ပျော်စရာအကောင်းဆုံးသော ပွဲတော်ဆိုရင်လည်း မမှားပါဘူး။
သြင်္ကန်ဟူသောစကားမှာ "သင်္ကန္တ" ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည်ဟု၎င်း၊ "သြင်္ကန္တ" ဟူသောသက္ကတပုဒ်မှ ဆင်းသက်လာသည်ဟု၎င်း ဆိုကြပေမယ့် ပုဒ်နှစ်ခုစလုံးမှာ "ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသော အခါသမယကို မင်္ဂလာအဖြစ်ခံယူကာ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး အတာရေ(ခေါ်) သြင်္ကန်ရေဖြင့် ဖျန်းပက်ကြခြင်း၊ သြင်္ကန်ရေကဲ့သို့ပင် အေးမြကြည်လင်လန်းဆန်းပါစေဆိုတဲ့ စိတ်ရင်းစေတနာဖြင့် ရေကစားခြင်းမှာ မြန်မာတို့ရဲ့ ချစ်စရာ့ ဓလေ့ပွဲတော်ပင်ဖြစ်ပါတယ်။ ရေသဘင်မဏ္ဍပ်များဖန်တီးကာ အဆိုအက အတီးအမှုတ်များဖြင့် ကပြဖျော်ဖြေခြင်း၊ ညအခါ ဆုပေးမဏ္ဍပ်များတွင် အလှပြယာဉ်များ၊ သံချပ်အဖွဲ့များ ယှဉ်ပြိုင်ကြခြင်းဖြင့် သြင်္ကန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြပါတယ်။
နှစ်သစ်မင်္ဂလာ အခါသမယမှာ အပျော်ချည်းသာမဟုတ်ပဲ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီလ စောင့်ထိန်းခြင်း၊ ရိပ်သာများတွင် တရားစခန်းဝင်ကာ တရားအားထုတ်ခြင်း၊ ထမင်းဟင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး စသဖြင့် စတုဒီသာကျွေးမွေးခြင်း၊ ဘိုးဘွားမိဘ ဆရာသမားများအား ကန်တော့ခြင်း၊ သက်ကြီးရွယ်အိုများကို ရေချိုး ခေါင်းလျှော်ပေးကာ ခြေသည်း လက်သည်းများလှီးပေးခြင်း၊ ပရိတ်တရားတော် နာယူခြင်း၊ ကျွဲနွားများကို ဘေးမဲ့ပေးခြင်း၊ ရေခန်းလုနီး အင်း အိုင် ချောင်း မြောင်းများထဲမှ ငါးများကို ဆယ်ယူ၍ ရေများရာ မြစ်ထဲသို့လွှတ်ပေးခြင်း စတဲ့ ကုသိုလ်ကောင်းမှုများဖြင့် ထုံမွှမ်းလေ့ရှိတဲ့ မြန်မာလူမျိုးတို့ရဲ့ အစဉ်အလာကောင်းများကို ထိန်းသိမ်းကာ မင်္ဂလာနှစ်သစ်ကို ကြိုဆိုကြပါစို့လို့ တိုက်တွန်းရင်း တန်ခူးလအကြောင်း သိကောင်းစရာ သုတအဖြာဖြာများကို ဝေငှလိုက်ပါတယ်။ ။
No comments:
Post a Comment