တန်ခူးလသည်
မြန်မာပြက္ခဒိန်လများတွင် အဦးအစဆုံး လဖြစ်၍ အဘိဓာန်ကျမ်းတွင် “စိတ္တကော၊
တန်ခူးလ၊ ရမ္မကော၊ တန်ခူးလ” ဟူ၍ ပရိယာယ်နှစ်မျိုး ပြဆိုထားသည်။
အနက်အဓိပ္ပာယ်မှာ “အထူးထူးသော အပွင့်၊ အသီးတို့ဖြင့် ဆန်းကြယ် သည်၏
အဖြစ်ကြောင့် လူတို့၏စိတ်နှလုံးကို မွေ့လျော်စေတတ်သည်ကို
တန်ခူးလဟုခေါ်၏”ဟူ၍ ဖြစ်ပေသည်။
တန်ခူးလကို ပုဂံခေတ်ကျောက်စာတို့၌
ခေတ်ရေးထုံးအတိုင်းပင် တန်ခူးဟု ရေးထိုးထားသည်ကို တွေ့ရ၏။ နောက်ပိုင်း
ခေတ်များတွင် တန်ခူးဟုလည်းကောင်း၊ တာကူးဟုလည်းကောင်း ရေးသား လာကြသည်ကို
တွေ့ရ၏။ တချို့ကမူ “တန်ခူး”သည် “တာကူး” မှ ဆင်းသက်လာသည်ဟု ဆို၏။ “တာ” သည်
အချိန်ရာသီဟု အနက်ထွက်သည်။ “ကူး”မှာ ကူးပြောင်းသည်ဟု အဓိပ္ပာယ်ရသည်။
“တာကူး” ခေါ်တွင်ရာ မှ တန်ခူးသို့ ရွေ့လျောလာခဲ့သည်ဟု ဆို၏။ တန်ခူးလသည်
ရာသီအလိုအားဖြင့် မိဿရာသီဖြစ်သည်။ စိတြနက္ခတ်နှင့်စန်းယှဉ်ပြကာ
အာသာဝတီနက္ခတ်နှင့် နေမင်းတို့ယှဉ်ကြသည်။ ဆိတ်သတ္တဝါသဏ္ဌာန်
ရာသီရုပ်ဖြစ်ပြီး တံငါတာရာထွန်းပသည်။
တချို့ပညာရှင်အဆိုမှာ “တာကူး”ဟူသော စကားရပ်မှာ
အတာကူးမှဆင်းသက်လာသော ပုဒ်ဖြစ်ပြီး တာကူးကို သင်္ကြန်အတာကူးပြောင်းသောလဟု
ဝေါဟာရလီနတ္ထဒီပနီကျမ်း၌လည်းကောင်း၊ တာဝန် လွှဲပြောင်းသောလဟု
ဝေါဟာရတ္ထပကာသနီကျမ်းနှင့် ပညာရှင်အချို့ကလည်းကောင်း၊ နှစ်ဟောင်း ကုန်ဆုံး၍
နှစ်သစ်သို့ ကူးပြောင်းသောလဟု အချို့ပညာရှင်များက လည်းကောင်း
အသီးသီးဖွင့်ဆို ထားကြသည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးတိုင်းသည်
နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ စတင်ရောက်ရှိလာသည်ကို အလေးအမြတ်
ထားကြသည့်နည်းတူ မြန်မာလူမျိုးတို့ အနေဖြင့်လည်း နှစ်ဟောင်းမှ
နှစ်သစ်ကူးပြောင်းချိန်ကို “သင်္ကြန်ပွဲတော်”ဟု ခေါ်ဝေါ်ကျင်းပလေ့
ရှိကြလေသည်
သင်္ကြန်ဟူသည် သင်္ကတဟူသော
ပါဠိမှဆင်းသက်လာခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ကူးပြောင်းခြင်း ဖြစ်၏။
ကမ္ဘာမြေကြီး သည် နေကိုဗဟိုပြု၍ မိဿရာသီမှစ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊
ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကရ၊ ကုံ၊ မိန် ဟူသော ရာသီခွင်တို့
အစဉ်လိုက်ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်းအလို ၃၆၅ ရက်၊ ၆
နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်သည်
မိဿရာသီအစ သုညအင်္သာသို့ ဝင်သည်။ ဤသို့ ဂြိုဟ်ကူးပြောင်း ဝင်စ
အချိန်တွင်သင်္ကြန်ကျသည်။ သို့ရာတွင် နှစ်မကူးသေးချေ။
ဗေဒင်တွက်ရိုးကျမ်းများ၌ ရဝိဖုဋဂြိုဟ်စင်နှင့် ရဝိမဓဂြိုဟ်သွမ်း ဟူ၍
နှစ်မျိုးနှစ်စား ခွဲခြားပြသည်။ ထို့ကြောင့် မိဿရာသီသို့
ထိုဂြိုဟ်နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားသည်။
မိဿရာသီသို့ တနင်္ဂနွေ ရဝိဖုဋဂြိုဟ်ရောက်ရှိပြီး၍ ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊
စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေရဝိမဓဂြိုဟ်သွမ်း ရောက်ရှိသည်။ ထိုကဲ့သို့
ကွာခြားသော နှစ်ရက်ကျော်ကာလသို့ ဝင်သောအခါကျ မှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု
ပညာရှိတို့က အသိအမှတ်ပြုကြသည်။
တန်ခူးလသင်္ကြန်ပွဲတော်တွင်
မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည်။
သင်္ကြန်ရေပက်ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပာယ်ရှိသည်။ ရေသည်
မေတ္တာဓာတ်ကို တင်စားသည်။ ရေကစားကြသည်မှာ “ရေလိုအေး၍ ပန်းလိုလန်းပါစေ”
ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။ “ထုံသင်း နံ့သာ၊ ရေသီတာဝယ်၊
စမ္မာကရမက်၊ ပန်းပေါင်းဖက်”စကားအရ ရှေးအခါက အမွှေးအကြိုင်တို့ကို
ဖလားတွင်ထည့်၍ ရေလောင်းကြသည်။
သင်္ကြန်ပွဲတော် ကျင်းပခဲ့ခြင်းနှင့်စပ်လျဉ်း၍
ပုဂံခေတ်မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် (ခရစ်နှစ် ၁၂၉၁ ခုနှစ်) တွင် ရေးထိုး
ခဲ့သော စောလှဝန်းဘုရား ကျောက်စာ၌ “မိဖုန်၊ သင်္ကြန်၊ စာရိယ်၊
ညောင်ရိယ်သွန်း၊ မပြယ်စိတ်လျှင်တည်၏” ဟူသော ရာသီပွဲတော်ဆိုင်ရာ ဝေါဟာရများ
ရေးထိုးထားသည်ကို ထောက်ရှု ပါက ထေရဝါဒသာသနာ ထွန်းကားနေပြီဖြစ်သော ပုဂံခေတ်၌
သင်္ကြန်ပွဲတော်ကို ကျင်းပနေပြီ ဖြစ်ကြောင်း ပြဆိုထားသည်။ ထင်ရှားသော
သာဓကပင် ဖြစ်သည်။
ဗုဒ္ဓဝင်ကျမ်းတို့၌ နှစ်ကူးသော တန်ခူးလအခါတွင်
ကပိလဝတ်ပြည်၌ နေထိုင်ကြကုန်သော သာကီဝင် မင်းတို့သည် နှလုံး
မွေ့လျော်ဖွယ်ရှိသော ဒေဝဒဟရေအိုင်တွင် သိမ်မွေ့စွာ ရေပက်ဖျန်းကြပုံတို့ကို
သိရှိနိုင်ခြင်းဖြင့် မြန်မာတို့၏ ယဉ်ကျေး သိမ်မွေ့စွာ ရေပက်ခြင်း၊
မေတ္တာအရင်းခံလျက် သန့်စင်စွာ ရေကစားခြင်းမှာ အံ့ဩစရာကောင်းလောက်အောင်
ထူးခြားလှကြောင်း အမှတ်တရ မှတ်တမ်းတင် ခဲ့သည်ကို လေ့လာသိရှိရသည်။
မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ တစ်မျိုးသားလုံး နှစ်စဉ် ပျော်ရွှင်စွာ
ဆင်နွှဲပြီး ထူးခြားသော အမျိုးသားပွဲတော်ကြီးအဖြစ် မြန်မာတို့အနေဖြင့်
ဂုဏ်ယူကြ ရဖွယ် ဖြစ်သည့်နည်းတူ ယင်းယဉ်ကျေးမှု အစဉ်အလာကိုလည်း
မပျောက်မပျက်အောင် ဆက်လက် ထိန်းသိမ်းကြရ ပေမည်။
ထို့အပြင် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမင်းသည်တောင်ဘက်
ဒက္ခိဏယဉ်စွန်းတန်းမှသည် မြောက်ဘက် ဥတ္တရယဉ်စွန်း တန်းသို့
ပြောင်းရွှေ့လာရခြင်းကြောင့် နေကို အကြောင်းပြု၍ ဥတုသုံးပါး၏ လည်ပတ်မှု၊
ရွေ့လျားမှုတို့ ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် အဟောင်းမှအသစ်သို့
ပြန်လည်ရွေ့လျား လာခြင်း ဖြစ်သည်။ ယင်းသို့ပြောင်းလဲ
ရွေ့လျားလာခြင်းနှင့်အတူ သက်ရှိဘဝ သတ္တလောကသည်လည်း အဟောင်းကိုစွန့်ပယ်၍
အသစ်သို့ကူးပြောင်းလာခြင်း၊ ဩကာသလောကဖြစ်သော တောတောင်ရေမြေ သဘာဝ
ပတ်ဝန်းကျင် ပြောင်းလဲရွေ့လျားမှုများနှင့်အတူ သတ္တလောကသည်လည်း သင်္ခါရ
လောက ပြုပြင်ပြောင်းလဲသော သဘာဝတရားကြီးအရ ပြောင်းလဲကြရာမှ
ရွေ့လျားခြင်းတို့ ဖြစ်သည်။
မြန်မာတို့၏ နှစ်ဆန်းချိန်အခါသည်
ရွှင်မြူးနှစ်သက်စရာကောင်းသည်။ သစ်လွင်သော ရက်၊ လ၊ နှစ်၏ ချစ်စဖွယ်ကောင်း
သော အချိန်နာရီ ဗီဇနာ ခယာစက္ကန့်တို့၏ အရောင်သည်လည်း သာယာနှစ်သက်ဖွယ်
ကောင်းလှပါသည်။ နှစ်ဟောင်းပယ် ၍ နှစ်သစ်ကို ရောက်လာတိုင်း
ပျော်ရွှင်မြူးထူးကြသည်။ နှစ်ဟောင်း၏ အပြစ်အနာများကို အေးမြသောနှစ်သစ်၌
ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် ဆေးကြောကြ သည်။ ချမ်းသာသုခပြည့်စုံရန်
ဆုတောင်းကြလေသည်။ အမှန်အားဖြင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်
အခါဖြစ်သည့်အလျောက် ကြည်ရွှင်မြူးထူး အပျော်မကြူးဘဲ သတိသံဝေဂရဖွယ်တို့ အား
တွေးဆဆင်ခြင်ကြရမည်ဖြစ်သည်။ ကမ္မဋ္ဌာန်းဆရာတို့၏ အဆိုအရ အဟောင်းတို့သည်
ဥပါဒ်ဌီဘင်အားဖြင့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ဤသို့ဖြင့် ရူပက္ခန္ဓာ ၂၈
ပါးရုပ်တရား တို့သည် ဥပါဒ်ဌီဘင်အားဖြင့် ခဏငယ်သုံးချက်အရ အဟောင်းတို့ချုပ်၍
အသစ်အသစ်သို့ ဖြစ်ပေါ်၍လာ လေသည်။
ယင်းသို့ လူသစ်စိတ်သစ်ဖြစ်ကာ အေးချမ်းစွာနေရ
ခြင်းနှင့်ပတ်သက်၍ သုံးလောကထွတ်ထား မြတ်ဘုရားရှင် လက်ထက်၌ တာဝတိံသာမှ
သိကြားမင်းသည် မပျော်မွေ့ခြင်း၊ အဝတ်ပုဆိုးတို့ ညစ်နွမ်းခြင်း၊
ပန်ထားသည့်ပန်းများ ညှိုးနွမ်းခြင်း၊ လက်ကတီးကြားမှ
ချွေးယိုခြင်းတို့ကြောင့် သက်တမ်း ကုန်ဆုံး၍ စုတိစိတ်ကျမည့်
အရိပ်များထင်လာ၏။
သိကြားမင်း စုတိစိတ်ကျမည့် အရိပ်လက္ခဏာအား
သိရှိခြင်းကြောင့် “အသစ်ဖြစ်ကာ အေးချမ်းစွာနေ ရခြင်း၊ ချမ်းသာခြင်း
များအတွက် ကောင်းမြတ်သော တရားကို ဟောကြားပေးတော်မူပါဘုရား”ဟူ၍ မြတ်ဘုရား
ထံပါးသို့ ချဉ်းကပ်ကာ လျှောက်ထားတော်မူလေ၏။
မြတ်ဘုရားရှင်သည် “နာညတြ ဗောဇ္ဈတပဿာ၊ နာညတြိန်ြဒိယ သံသရာ။”
“နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတိံ်တပဿာမိ ပါဏိနံ။”
“ဗောဇ္ဈင်တရားခုနစ်ပါးကို သတိသသံဗောဇ္ဈင်
ဓမ္မဝိစယသံဗောဇ္ဈင်၊ သမာဓိသသံဗောဇ္ဈင်၊ ဥပေက္ခာ သံဗောဇ္ဈင်၊ ဝီရိယ
သံဗောဇ္ဈင်၊ ပီတိသံဗောဇ္ဈင်၊ ပဿဒ္ဓိသံဗောဇ္ဈင် တည်းဟူသော သံဗောဇ္ဈင်တရား
ခုနစ်ပါးကို ရှောင်ပယ်ကြဉ်ရှား အလွတ်ထား၍ သတ္တဝါဗိုလ်ခြေ များဝေနေတို့၏
ချမ်းသာကြောင်း လမ်းကောင်းလမ်းမြတ်ကို ငါဘုရားမြင်တော်မမူ၊
ဣန္ဒြေခြောက်ပါး၊ ခြောက်တံခါး နှင့် လုံးစုံစောင့်ရှောက်
ထိန်းသိမ်းခြင်းအမှုကို ရှောင်ပယ်ကြဉ်ရှား အလွတ်ထား၍
သတ္တဝါဗိုလ်ခြေများဝေနေတို့၏ ချမ်းသာရာ ချမ်းသာကြောင်း
လမ်းကောင်းလမ်းမြတ်ကို ငါဘုရားမြင်တော်မမူ၊ အလုံးစုံသော
ဘုံဘဝသင်္ခါရတို့ကို စွန့်လွှတ်၊ လွတ်မြောက် နိဗ္ဗာန်ရောက်သည်ကို
ရှောင်ပယ်ကြဉ်ရှား အလွတ်ထား၍ သတ္တဝါဗိုလ်ခြေများ ဝေနေတို့၏
ချမ်းသာရာချမ်းသာကြောင်း လမ်းကောင်းလမ်းမြတ်ကို ငါဘုရားမြင်တော်မမူ”ဟူ၍
ဟောကြား တော်မူလေသည်။
ထိုစဉ် တာဝတိံသာသိကြားမင်းသည် ဘဝဟောင်းပစ်၍
ဘဝသစ်ဖြစ်သွားလေ၏။ ဤသို့ ဘဝဟောင်း ပစ်၍ ဘဝသစ် ဖြစ်သွားရသည်ကို
မြတ်ဘုရားရှင်နှင့် ကိလေသာ ကုန်ပြီးသော ရဟန္တာမြတ်တို့မှသာ
သိတော်မူကြလေသည်။
မြတ်ဘုရားရှင်၏ ဗောဇ္ဈင်တရားနှင့် ဣန္ဒြေတရား
တရားတော်တို့ကို နာကြားရသဖြင့် သိကြားမင်း အသစ်ဖြစ်၍ တာဝတိံသာနတ်တို့၏
အရေအတွက်အားဖြင့် အနှစ်တစ်ထောင်၊ လူတို့၏ အရေအတွက် အားဖြင့် သုံးကုဋေ
ခြောက်သန်း အသက်ရှည်၍ နေရပြန်လေသည်
မြန်မာနှစ်ကူးသင်္ကြန်၏ နှစ်ဦးအစဖြစ်သော
အကူးအပြောင်းသမယတွင် မင်္ဂလာရှိအောင် ပြုမူနေထိုင် ကျင့်ကြံရမည်မှာ
ကောင်းသောအကျင့်သီလဖြစ်သည်။ မြတ်ဘုရား ရှင်သည် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ
တရားတော်တွင် ပညာရှိများကို မှီဝဲဆည်းကပ်ခြင်း၊ လူမိုက်ကိုရှောင်ကြဉ်ခြင်း၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ရိုသေထိုက်သူကို ရိုသေခြင်း၊ မိဘနှစ်ပါးကို
လုပ်ကျွေးပြုစုခြင်း၊ သူတစ်ပါးကျေးဇူးကိုသိခြင်း စသည်တို့ အပါအဝင် ၃၈
ဖြာမင်္ဂလာတရားများကို ထာဝစဉ်စောင့်ထိန်း လိုက်နာကြခြင်းဖြင့် ရန်သူတို့၏
အနိုင့်အထက်ပြုခြင်း မခံရခြင်းနှင့် အရပ်ဒေသအားလုံးတို့၌
ကြီးပွားချမ်းသာခြင်းသို့ ရောက်ရှိနိုင်ခြင်း ဟူသော
အကျိုးကျေးဇူးများရရှိမည်ကို ဟောကြားတော်မူခဲ့သည်။ ယင်းသို့
မြတ်ဘုရားရှင်ဟောကြား အပ်သော မင်္ဂလာတရားတော်များကို သေချာစွာ
လေ့လာမည်ဆိုပါက ပေါင်းသင်းဆက်ဆံရေး မင်္ဂလာသုံးပါး၊ နေရေး၊ ထိုင်ရေး
မင်္ဂလာသုံးပါး၊ သင်ကြားရေး မင်္ဂလာလေးပါး၊ ပြုစုရေး မင်္ဂလာသုံးပါး၊
လိုက်နာကျင့်သုံးရေး မင်္ဂလာလေးပါး၊ ရှောင်ကြဉ်ရေး မင်္ဂလာလေးပါး၊
စိတ်ထားရေး မင်္ဂလာငါးပါး၊ သည်းခံရေး မင်္ဂလာလေးပါး၊ ခြိုးခြံရေး
မင်္ဂလာလေးပါးနှင့် စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာလေးပါး
စုစုပေါင်းသုံးဆယ့်ရှစ်ဖြာသော မင်္ဂလာတရားတော်တို့ဖြစ်သည်။ လောကလူသားများ၏
အကျိုးစီးပွား တိုးပွားစေရေးအတွက် ထောင့်မျိုးစုံမှ
ဟောကြားတော်မူထားကြောင်း လေ့လာသိရှိမည်ဖြစ်သည်
ယင်းသို့ တန်ခူးလသင်္ကြန် အခါသမယတွင်
ပြုကျင့်မြဲဖြစ်သော အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြခြင်း၊
စတုဒိသာ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းဘောဇဉ်များ
ကပ်လှူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊
ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဗုဒ္ဓတရားတော်ကို နာကြားခြင်း၊
သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ဘိုးဘွားမိဘ ဆရာသမား
စသူတို့အား ပူဇော်ကန်တော့ခြင်း၊ ငါးလွှတ်ခြင်း၊ ကျွဲ၊ နွား စသည့်
တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်းစသော ကုသိုလ်ကောင်းမှုများသည်
မြတ်နိုးလေးစား ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ဖွယ်ကောင်းသော တန်ခူးနှစ်ကူး
သင်္ကြန်ပွဲတော်၏ အနှစ်သာရများဖြစ်သည်။ ဗုဒ္ဓသာသနာတော်နှင့်လည်း
ဆက်နွှယ်လျက် ရှိနေသည်။ နှစ်သစ်ကူးလတန်ခူး သင်္ကြန်ပွဲတော်သည် အခြားသော
ရာသီပွဲတော်များထက် ပျော်ပါး ရွှင်မြူးဖွယ်ရာဖြစ်စေပြီး ကုသိုလ်ရေးကို
မမေ့မလျော့ကြဘဲ ပျော်ပါးရင်း ကုသိုလ်ကောင်းမှုပြုသည်။
ကုသိုလ်ကောင်းမှုပြုရင်း ပျော်ပါးလေ့ရှိသည်။
မြန်မာတို့၏ နှစ်သက်ဖွယ်ကောင်းသော
ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ တစ်မျိုးသားလုံး နှစ်စဉ် ပျော်ရွှင်စွာ
ဆင်နွှဲလာသော ထူးခြားသော အမျိုးသားရေးပွဲတော်ကြီးအဖြစ် မြန်မာတို့အနေဖြင့်
ဂုဏ်ယူ ကြရဖွယ်ဖြစ်သည်။ ထိုယဉ်ကျေးမှု အစဉ်အလာကိုလည်း မပျောက်မပျက်အောင်
ဆက်လက် ထိန်းသိမ်း ကြရပေမည်။
ဝိဿဇ္ဇက(ပဲခူး)
No comments:
Post a Comment