ပိတောက်ပွင့်ဖူး လတန်ခူး ပျော်မြူးဆင်နွှဲ သင်္ကြန်ပွဲ
ပန်းတောင်းသန်းကြွယ်
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည်ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ လောကီသားလိုပ
ကြွားချင်လှ ပေလိမ့်မယ်။
တစ်သိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာပင့်လေအမြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
ဇော်ဂျီ
ပိတောက်တွေ ရွှေရည်လူးသည့်
တန်ခူးလသို့ရောက်ခဲ့ပြန်လေပြီ။ တန်ခူးလသည် မြန်မာတို့ ဆယ့်နှစ်လတွင်
ပထမဦးဆုံး လဖြစ်သည်။ အပူရှိန်ပြင်းစ နွေဦးကာလဖြစ်သည်။
ရေတွင်းရေကန်များခန်း ခြောက်စပြုချိန် ဖြစ်သည်။ ရှေးလူကြီးများက
''တန်ခူးရေကုန်၊ ကဆုန်ရေခန်း'' ဟု ဆိုစမှတ်ပြုကြသည်။
''တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး
သင်္ကြန်မိုး''ဟူသော ရှေးလင်္ကာအတိုင်း သင်္ကြန်ကာလအနီးတစ်ဝိုက် တွင်
မိုးတစ်ကြိမ် နှစ်ကြိမ် ရွာတတ်သည်။ သင်္ကြန် လက်ဆေးမိုး၊
သင်္ကြန်မိုးဟုခေါ်ကြသည်။ သင်္ကြန် မိုးကြောင့် ထွက်သစ်စ ရွက်သစ်ရွက်နု
ပုရစ်ဖူးကလေးများ လန်းဆန်းဝေစည်လာကြသည်။ သစ်ရွက်သစ်ပင်များ
စိုစိုပြည်ပြည် ဖြစ်လာကြသည်။ သင်္ကြန်မိုးနှင့် တန်ခူးနေရှိန်တို့ကြောင့်
မြေသင်းရနံ့များ သင်းပျံ့လာလေ့ရှိသည်။ ရှင်အဂ္ဂသမာဓိက ဘုံခန်းပျို့တွင်
''ခါလည်လုလု၊ ရတုသစ်သစ်
သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှွန်း
ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော၍
ရွက်လျောမူလွန်၊ ရွက်သစ်ပြန်တည်
ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့်
မြေသင်းနံ့နံ့၊ တပျံ့ပျူးပျူး
မင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန်
လကဆုန်သည်၊ ပဇ္ဇုန်ရိုက်မည်၊ ချုန်းချုန်းတည်း''ဟု တန်ခူးကာလမြေသင်းရနံ့ သင်းပျံ့ပျံ့ကိုဖွဲ့ဆိုခဲ့သည်။
လတန်ခူးဝယ် ပိတောက်တို့ဖူးပွင့်ဝေဆာသကဲ့သို့
ကံ့ကော်ပန်း၊ ရင်ခတ်ပန်းတို့လည်း ဖူးပွင့်ကြသည်။ သင်္ကြန် ကာလအတာ
သဘင်ပွဲကိုလည်း မြူးထူးပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ရှေးခေတ်စာဆို
ဦးအောင်ကြီးက
''ကောင်းကင်မိုးလ၊ စိတြနှင့်
မိဿရာသီ၊ အညီခါကျော်
နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ခတ်
ပင်တိုင်းညွှတ်လျက်၊ ပွင့်ဖတ်ဝေဝေ
တောင်လေသုတ်ဖြူး၊ လတန်ခူးကို
မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်
ဆင်ယင်တုပ၊ လွရရွတည့်'' ဟု ရေးဖွဲ့ခဲ့သည်။
တန်ခူးဟုရေးသားသုံးစွဲခြင်းကို ပုဂံခေတ်ကပင် စတင်
သုံးစွဲခဲ့သည်။ အင်းဝခေတ်၌မူ တန်ခူးဟုရေးသားကြသည်။ တန်သည်
ထန်းဟုအဓိပ္ပာယ်ရပြီး ခူးမှာခူးဆွတ်ခြင်းဖြစ်သည်။ ထို့ကြောင့်
တန်ခူးဟူသည်မှာ ထန်းခူး သောလ၊ ထန်းသီးဆွတ်ခြွေ သောလဟု
မြန်မာလအမည်များကျမ်းက ဆိုလေသည်။
တန်ခူးကို တာကူးဟုလည်းရေးသားကြသည်။ မိန်ရာသီမှ
မိဿရာသီသို့ သင်္ကြန်အတာကူးသောကြောင့် တာကူးလဟု ဆိုကြောင်း အချို့ဆရာတို့က
ညွှန်ပြကြသည်။ အချို့ပညာရှင်တို့ကမူ ထိုတာကူး၏ အဓိပ္ပာယ်ကို အာသီ
ဗြဟ္မာမင်း၏ ဦးခေါင်းကို နတ်သမီးခုနစ်ယောက် တစ်နှစ်ကို တစ်ယောက်ကျ
တာဝန်ယူရသည်ကို အစွဲပြုကာ တာ၊ အတာဟူသော ဝေါဟာရဖြစ်ပေါ်လာကာ နှစ်ကုန်၍
နတ်သမီးတစ်ယောက်မှ နောက် တစ်ယောက်သို့ တာဝန် လွှဲပြောင်းပေးသည်ကို တာကူး၊
အတာကူးဟု ခေါ်ကြောင်း ယူဆကြသည်။
ဆရာကြီး ဦးဖိုးလတ်ကမူ တန်ခူးလ၌ မည်သည့်ရာသီ ဥတု၊
ရတုတစ်ခုမျှကူးပြောင်းခြင်းမရှိဘဲ နှစ်ဟောင်းမှ နှစ်သစ်သို့
ကူးပြောင်းခြင်းသာရှိသောကြောင့် တာကူး၊ အတာကူး ဟူသည်မှာ ''နှစ်ကူး''ဟုသာ
အဓိပ္ပာယ်ရကြောင်း ညွှန်ပြလေသည်။
တန်ခူးလတွင် ၂၉ ရက်သာရှိသည်။ ရက်မစုံလ ဖြစ်သည်။
နာရီအားဖြင့် နေ့ ၃ဝ နာရီ၊ ညဉ့် ၃ဝ နာရီ ရှိသည်။ နေ့တာ ညတာတူညီသောလဖြစ်သည်။
စက်နာရီ အရ နံနက် ၆ နာရီတွင် နေထွက်၍ ညနေ ၆ နာရီတွင် နေဝင်သည်။ ရာသီ
အလိုအားဖြင့် မိဿရာသီဖြစ်သည်။ ဤလတွင်စိတြနက္ခတ်နှင့် စန်းယှဉ်ကြည့်ကာ အာသာ
ဝတီနက္ခတ်နှင့် နေမင်းတို့ ယှဉ်ကြသည်။ ရာသီရုပ်မှာ
ဆိတ်သတ္တဝါ၏ပုံဖြစ်သည်။ တံငါတာရာ ထွန်းပပြီး တန်ခူး လ၏ပွဲတော်မှာ
သင်္ကြန်ပွဲဖြစ်သည်။ ရာသီပန်းများမှာ ကံ့ကော်၊ ရင်ခတ်နှင့် ပိတောက်ပန်းတို့
ဖြစ်ကြသည်။
ပိတောက်ပန်းမှာ ပေါ်လွင်ထင်ရှားပြီး သင်္ကြန်ပန်း
ဟုလည်း ခေါ်ကြသည်။ ခမ်းနားလွန်းသဖြင့် ''လမ်းတစ် လျှောက်သင်း ပါဘိ၊
ဆန်းသလောက်မလင်းနိုင်ဘူး၊ ပန်း ပိတောက်မင်း''ဟူ၍ စာဆိုတော်ကြီး ဦးကျော့က
ဖော်ညွှန်း ဂုဏ်ပြုခဲ့သည်။ ခေတ်စမ်းကဗျာ ဆရာကြီးဇော်ဂျီကလည်း
''နှစ်သစ်ကူးတဲ့ တန်ခူးခါမှာ၊ ဒါနကတဝေဝေ၊ ရေတွေက တရွှဲရွှဲ၊ ပျော်ပွဲက
တဝင့်ဝင့်၊ ကဲလို့သာဆင့်ရော့၊ အရွယ်သင့်၊ အရွယ်ငယ် မြန်မာတွေထည်လိုက်ကြ''ဟု
ဂုဏ်ပြု အမွှန်း တင်ခဲ့သည်။ ကြည်နူး နှစ်သက်ဖွယ် အတာသင်္ကြန်နှင့်
ဒါနကောင်းမှုများ တွဲဖက်ပြုလုပ်ကြပုံကို ရည်ညွှန်းဖွဲ့ဆို ခဲ့ခြင်းဖြစ်သည်။
လူမျိုးအသီးသီးတို့သည် မိမိတို့ယဉ်ကျေးမှု၊ ဓလေ့
ထုံးတမ်းနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပကြသည်။ နှစ်သစ်ဆန်း ကို
ဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုကြသည်။ အဟောင်းမှအသစ်သို့
ကူးပြောင်းခြင်းသည် ကောင်းသော မင်္ဂလာဖြစ်သော ကြောင့် နှစ်သစ်ကူးခြင်းကို
မင်္ဂလာဟု လူမျိုးတိုင်းက လက်ခံယုံကြည်ကြသည်။
မြန်မာတို့၏ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်း
ချိန်တွင် တာသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပကြသည်။ သင်္ကြန်ဟူသည်
''သင်္ကြန္တ''ဟူသော သက္ကတပုဒ်မှ လည်းကောင်း၊ ''သင်္ကန္တ''ဟူသော ပါဠိမှ
လည်းကောင်း ဆင်းသက်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။ နှစ်ပုဒ် လုံးမှာ
ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပာယ် ရလေသည်။
အချို့ပညာရှင်များက ''ခေါင်းဆေးသင်္ကြန်၊
ကောင်းညွန့် လှန်၊ မကျန်စေ့စုံစွာ''ဟူသော ကဝိလက္ခဏာ သတ်ပုံ လင်္ကာနှင့်အညီ
ကောင်းခြင်းမင်္ဂလာ၊ ကြန်အင်လက္ခဏာ တိုးပွားစေရန် သုတ်သင်ဆေးကြောခြင်း၊
ခေါင်းဆေး မင်္ဂလာပြုခြင်းကို သင်္ကြန်ဟု ခေါ်ဆိုကြောင်း ယူဆကြသည်။
နှစ်သစ်မင်္ဂလာအခါတော်တွင် မြန်မာတို့ ပျော်ရွှင်ကြည်နူးစွာ
ရေပက်ကစားခြင်းသည် အေးမြကြည်လင်ခြင်း၊ အညစ် အကြေးကို ဆေးကြောခြင်း၊
ရေကိုသား၍ အကြား မထင်ခြင်းဟူသော ရေနိမိတ်သုံးပါးကို ယူခြင်းဖြစ်သည်။
မြန်မာပြည်သူအများ နှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြ ကြည်လင်စေသည့်သဘော၊
နှစ်ဟောင်းက အညစ် အကြေးများကို ဆေးကြောသန့်စင်သည့်သဘော၊ တိုင်းရင်းသား
ပြည်သူများအားလုံး ရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းစည်းလုံးလုံး
ချစ်ချစ်ခင်ခင်ရှိစေခြင်းသဘောဟူသော မွန်မြတ်သောရည်ရွယ်ချက်များဖြင့်
သင်္ကြန်ပွဲတော်ကို နွှဲပျော်ခြင်း ဖြစ်ကြောင်း နှောင်းခေတ်ပညာရှင်တို့က
ယူဆ ကြသည်။
မြန်မာတို့၏ သင်္ကြန်ပွဲတော်ကို အကြိုနေ့၊ အကျနေ့၊
အကြတ်နေ့၊ အတက်နေ့ဟူ၍ သတ်မှတ်ကျင်းပလေ့ ရှိသည်။ အကြတ်နေ့
နှစ်ရက်ဖြစ်သောနှစ်တွင် သင်္ကြန် ပွဲတော်ကာလရှည်လျားပြီး ငါးရက်ထိကြာ
မြင့်သည်။ သင်္ကြန်ပွဲတော်ကာလပြီး နောက်တစ်ရက်ကို နှစ်ဆန်းတစ်ရက်နေ့ဟု
သတ်မှတ်ကာ မင်္ဂလာရှိသော ကောင်းမှုကုသိုလ်များပြုလုပ်ကြသည်။ သင်္ကြန်
ပွဲတော်ကာလတွင် ပျော်ရွှင်ကြည်နူး ဖွယ် ကောင်းသော ရေစင်ပက်ဖျန်း ကစားခြင်း၊
အိုးစည်ဒိုးပတ်ရိုးရာဂီတ ဝိုင်းများ ဖြင့် လှည့်ပတ်
သွားလာကခုန်သီကျူးခြင်း၊ သင်္ကြန်မဏ္ဍပ်ကြီးများ ခမ်းနားထည်ဝါစွာဆောက်လုပ်၍
ယိမ်းအကများဖြင့် ကပြ အသုံးတော်ခံခြင်း၊ စတုဒိသာများဖြင့်
ဧည့်ခံကျွေးမွေးခြင်း၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး စသော
မြန်မာ့ ရိုးရာစားစရာများကို တပျော်တပါး စုပေါင်းပြုလုပ်ကာ
မျှဝေစားသုံးခြင်း၊ လမ်းတွင်းရပ်ကွက်တွင်းသို့ ပေးဝေလှူဒါန်းခြင်း များကို
ပြုလုပ်ကြသည်။
မိမိတို့နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မ
ရိပ်သာများ၊ ဓမ္မာရုံများသို့ သွားရောက်ကာ သီတင်းသီလ ဆောက်တည် ခြင်း၊
တရားဘာဝနာများပွားများခြင်း၊ ဒုလ္လဘရဟန်းခံခြင်း၊ ရှင်သာမဏေပြုခြင်းစသော
အလှူ အတန်းကုသိုလ် ကောင်းမှုများကို မိမိတို့စေတနာ အလျောက် ကျင်းပကြသည်။
မြန်မာ့သင်္ကြန်ကား အလှ သင်္ကြန်၊ အလာသင်္ကြန်၊ ဒါန
သင်္ကြန်ဖြစ်သကဲ့သို့ မကောင်းမှုရှောင် ကောင်းမှုဆောင်သည့် အခါ သမယ
လည်းဖြစ်သည်။
ရှေးမြန်မာအစဉ်အဆက်တို့သည် သင်္ကြန်ပွဲတော်
ရက်များအတွင်း၌ ငိုကြွေးပူဆွေးခြင်း၊ မေထုန်သံဝါသပြုခြင်း၊ အသား
ဟင်းလျာစားသောက်ခြင်း၊ အရက်သေစာ သောက်စားခြင်း၊ အမျက်ဒေါသထွက်ခြင်း၊
ခိုက်ရန်ဖြစ်ပွား ခြင်း၊ သွေးဖောက် သွေးထုတ်ခြင်း၊ ဆီလိမ်းဆေးလိမ်းခြင်း၊
သစ်ပင်ခုတ်လှဲခြင်း၊ ကုန်ဝယ်ခြင်း၊ ကျီသွင်းသိုလှောင်ခြင်း၊ ရောင်းချခြင်း၊
ဈေးဆိုင်ထွက်ခြင်းတို့ကို ရှောင်ရှားကြ သည်။
နှစ်ဆန်းတစ်ရက်နေ့၌မူ ဘုန်းတော်ကြီးများ
ပင့်ဖိတ်၍ နှစ်ဦးဆွမ်းကျွေးခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ
နာကြားခြင်း၊ အမျှအတန်းပေးဝေ ခြင်း၊ မေတ္တာပို့ခြင်း၊ သက်ကြီးပူဇော်ပွဲများ
ကျင်းပခြင်း၊ လူကြီးမိဘများ၊ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေး စသော
ဆွေစဉ်မျိုးဆက် အကြီးအကဲများအား ကန်တော့ခြင်း၊ လက်သည်း
ခြေသည်းညှပ်ပေးခြင်း၊ ခေါင်း လျှော်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊
လူမှုအသုံး အဆောင်ပစ္စည်းများဖြင့် တတ်အားသမျှ လှူဒါန်းပူဇော်ကြသည်။ လူကြီး
မိဘများကလည်း မိမိတို့သားသမီးမြေးမြစ်၊ ဆွေမျိုးသားချင်းများအား
ကောင်းမြတ်သောဆုများ ပေးကြ သည်။ မင်္ဂလာ တရားတော်နှင့်အညီ ပြုမူကျင့်ကြံ
နေထိုင် သွားကြရန် မှာကြားဆုံးမကြသည်။
ကမ္ဘာတွင် မြန်မာဟုဆိုစမှတ်ပြုလောက်သည်အထိ
မြန်မာတို့၏ရိုးရာသင်္ကြန်ပွဲတော်မှာ ကောင်းမြတ်သော ထူးခြားမှုများ
ပြည့်ဝလျက်ရှိသည်။ မြန်မာ့ယဉ်ကျေးမှုကို ပီပြင်စွာဖော်ကျူးနိုင်သော
ချစ်စဖွယ်မြန်မာ ရနံ့များ ထုံမွမ်းလျက်ရှိသည့် ပိတောက်ပွင့်ဖူး
လတန်ခူးသည်ကား ပျော်ရွှင်ကြည်နူးဖွယ်၊ နှစ်သက်မြတ်နိုးဖွယ် မင်္ဂလာ
အပေါင်းခညောင်းသည့် နှစ်ဦးနှစ်စ ပင်ဖြစ်လေသည်။ ရှေ့ကာလအဖို့တွင်
စိတ်သစ်လူသစ် အားမာန်သစ်ဖြင့် မိမိတို့ဘဝများကို ချမ်းမြေ့သာယာစွာ တည်ဆောက်
ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ် ပေသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
No comments:
Post a Comment